အမျိုးသားကန်တော်ကြီးဥယျာဉ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် (၃၅၃၈) ပေတွင် တည်ရှိပြီး ရေပြင်ဧရိယာ ဧက (၇၀) ပါဝင်ပါသည်။ သဘာဝသစ်တောသစ်ပင်များ ဝန်းရံနေသည့် အလယ်တွင် တည်ရှိသော ကန်တော်ကြီးကန်သည် ဥယျာဉ်၏ အဓိက ဆွဲဆောင်မှု တစ်ခုဖြစ်ပါသည်။ ကန်မကြီးမှ ဖြတ်သန်းတိုက်ခတ်လာသော လတ်ဆတ်သည့် လေနုအေးလေးများသည် လာရောက်လည်ပတ်သူများအား မည်သည့်အရာနှင့်မျှမတူအောင် အမောပြေ လန်းဆန်းစေပါသည်။ ကန်အလယ်ကျွန်းပေါ်တွင် တည်ထားသော ရွှေရောင်တဝင်းစင် စေတီနှင့် ရေကန်၏ အလှသည် ကြည်နူးဖွယ်ကောင်းပြီး ယဉ်ကျေးမှုနှင့် ဘာသာရေးတို့ကို ရေးဆွဲပုံဖော်ထားသည့် ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်ပါသည်။ စေတီနှင့် ကမ်းနှစ်ဘက်ကို ဆက်သွယ်ပေးထားသည့် သစ်သားတံတားအပေါ် ဖြတ်လျှောက်ရင်း ငါးများကိုလည်း အစာကျွေးနိုင်မှာ ဖြစ်ပါတယ်။ ကန်တော်ကြီးကန်သည် ရေနေ သို့မဟုတ် ရေနေမဟုတ်သည့် အပင်၊ တိရစ္ဆာန်၊ အင်းဆက်များ အားလုံးအတွက် အထောက်အပံ့ပြုသကဲ့သို့ ဥယျာဉ် စိမ်းလန်းစိုပြည်ရေးနှင့် ရေအသုံးချမှုတို့အတွက်လည်း အဓိက အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။
Copyright 2018. All rights reserved.